Tuesday, July 21, 2015

ပန်းကလေးသင်(ကဗျာ)

"ပန်းကလေး..သင်."

ရနံ့ကြူ  မွှေး
ပန်းလေးပုံသွင်
လူသားသင်သည်
ဆင်ခြင်မှတ်သား
လိုက်စားမမေ့
ချိန်ခါရွေ့လျှင်
တစ်နေ့ဝင့်ဝင့်
ပနံတင့်မည်
ရေမြင့်ရွှေ ကြာ 
မနေသာနိုင်
သေချာ စိတ်ခိုင်ဖို့လိုသည်....။

စင်စစ်ကြိုးစား
သင်လူသားမှာ
သူများလိုဖောက်
မကြောက်စတမ်း
အရောက်လှမ်း လို့
ကိုယ့်လမ်းကိုယ်ထွင်
ကိုယ်ပင်အားကိုး
ရိုးကျိုးနာခံ
ဆရာထံတွင်
သင်အံမှတ်ယူ
အောင်လံထူသော်
ဖြူ  စင်စိတ်ထားဖို့လိုမည်...။

ပန်းကလေးသင်
လွမ်းဆွေးနေစဉ်
ကယ်တင်  ထွေးပိုက်
နမ်းရှိုက်မွေးမြူ 
ချစ်သူပျိုလည်းမမေ့နှင့်....။

ပန်းကလေးသင်
လမ်းဘေးနေစဉ်
သွင်သွင်ရွာဖြိုး
မေတ္တာမိုးဝေ
မျိုးဆွေကိုလည်းမမေ့နှင့်...။

ပန်းကလေးသင်
ပန်းမဝင်ခင်
အသင်တက်ကျိုး
ငုတ်ထိုးဝမ်းပေါက်
လှေမမှောက် အောင်
စောင့်ရှောက်သူလည်းမမေ့နှင့်...။

ပန်းကလေးသင်
ဆင်ခြင်တိုင်းထွာ
အရာရာလျှင်
ငါမြင်ငါတတ်
ငါထက်သာသူ
မရှိမူဟု
ငါ လူ မာနမထားနှင့်....။

ပန်းကလေး ...သင်
သင်ရွေးရာလမ်း
သင့်စခန်းဆီ
ပင်ပန်းချီတက်
သီစပ်   ထုဆစ်
သင်ချစ်  ကဗျာ
နုပညာသည်
သင့်မှာတာဝန်ရှိပေသည်.....။   ။

                                              ((    ခေဝံ့ခေ  ))

No comments:

Post a Comment